ကျွန်မ ပြန်လာခဲ့မယ်ပြောပြီး
သူရောက်မလာတော့
ငါအရမ်းစိတ်ပူနေတယ်ကွာ...
မူလတန်းကျောင်းလေးနဲ့ ကလေးတွေက
ညှိုးငယ်စွာဖြင့်
ခေါင်းလောင်းထိုးသံလေးကို ရပ်စောင့်နေကြလေရဲ့..
ဟေ့ရောင်
နာဂစ်ဆိုတာ
အစွန်းရောက် အနက်ရောင်ကုန်သည်ကြီးတစ်ဦးဘဲ
မင့်ကောင်မလေး ဌေးယဉ်လည်းပါသွားတယ်
ငါ့ကျောင်းဆရာမလေးနဲ့ သူ့ညီမ၀မ်းကွဲလေးလည်း
လိုက်ပါသွားတယ်
ငါတို့ အဒေါ်၊အစ်မ၊ညီလေးတွေနဲ့
သူငယ်ချင်း-အသိမိတ်ဆွေတွေကိုလည်း
အဲဒီ ကုန်သည်ကြီးက
တသီကြီး ဆွဲခေါ်သွားလေရဲ့...
ကျော်သူ
ငါတို့ရဲ့ အိမ်ခေါင်းရင်းက
ကုက္ကိုပင်ပျိုလေးရော လဲသွားသေးလား
အခု ငါ့ရဲ့ဆံပင်တွေကနေ
မီးခိုးတွေ အရမ်းထွက်နေတယ်
သူသိထားတဲ့ကျေးဇူးတရားတွေက
သူပျံသန်းမယ့် အတောင်ပံတွေကို
ရေဆွတ်ပေးလိုက်တာလေ
သူပြောပြောနေတဲ့
ငါ့ရဲ့ ရည်းစားဦးဟာသူဖြစ်ပြီး
သူ့ရဲ့နောက်ဆုံးအချစ်က ငါဆိုတာလေ
စိတ်ချ၊ နင့်ကိုငါဘယ်တော့မှမမေ့ပါဘူး... အေးမိစံ...
ဘယ်တော့မှ မမေ့ပါဘူး...
နွေးနွေး ဘာလေးမွေးတယ်ဆိုတာလဲ
သူမသိသွားရှာဘူး
(သူပြန်လာမယ်ပေါ့)
ခေါင်းတလားနဲ့တူတဲ့ မော်တော်ဘုတ်ထဲ မဆင်းမီ
ငါးရက် အလိုလောက်က
ဖုန်းထဲမှာ ပြောသွားတဲ့
ငါ့ကို ပြောစရာစကားတွေရှိသေးတယ်ဆိုတာ
ဘာလည်းမသိဘူးကွာ
ဝဋ်ကြွေးပြေဘုရားဆီ
ငါ နောက်တစ်ခေါက်သွားတော့လည်း
နေညိုချိန်အထိ သူရောက်မလာခဲ့ဘူးလေ
ငါ့ရဲ့တစ်သက်
အဲဒီ ဘုရားမြေဟာ
ဘ၀ရဲ့ လွမ်းစရာ့အကောင်းဆုံး ဇုံပေပဲ
သူ့အပေါ်ထားတဲ့ ငါ့၏ချစ်ခြင်းများဖြင့်
သူမတစ်ယောက် ကောင်းရာသုဂတိလားပါစေ...
............................................လားပါစေ...
ပိတောက်တွေ တစ်ကြော့ပြန်ပွင့်လို့
'ဆရာမလေးကော' လို့မေးလာခဲ့ရင်
ငါဘယ်လို ပြန်ဖြေရမလဲ... ကျော်သူ
ငါ အရမ်းလွမ်းတယ်ကွာ...
လာမယ့် ဆောင်းဦးပေါက်
ကောက်ရိတ်သိမ်းပွဲတော် အပြီး
တို့နှစ်ဦးမင်္ဂလာပွဲကို
သူတစ်ကယ် မတက်ရောက်နိုင်တော့ဘူးပေါ့...
................မတက်ရောက်နိုင်တော့ဘူးပေါ့...
ဒါဝင်ကို သတိရရင်တောင်
ဝက်စမင်စတာ ဘုရားကျောင်းထဲက
သူ့အုတ်ဂူဆီသွားလို့ရတယ်
မော်ဒယ် 'အန်နာနစ်ကိုလ်စမစ်' ကို လွမ်းတဲ့အခါလည်း
ဘဟားမားကျွန်းပေါ်က
သူမရဲ့ အုတ်ဂူလေးဆီသွားလို့ရတယ်
အခု သူ့ကို ငါလွမ်းနေပြီလေ
ဘယ်မလဲ... သူမရဲ့အုတ်ဂူ...
ဘယ်မလဲ... သူမရဲ့အရိုးအိုး...
ငါမတရားမပြောပါဘူး
တို့နှစ်ယောက် ပြီးမှသာ
ရှိတ်စပီးယားပြဇာတ်ထဲက
ကောင်လေးနဲ့ကောင်မလေးက
ဒုတိယ ကံအဆိုးဆုံးပါ
ကျော်သူ...
ပွတ်ရှကင်တော့
နောက်ထပ် သေနတ်မှန်ခံရပြန်ပြီ... ။ ။
သူရနီ
၂၀၀၉၊မဟေသီ
သည်ကဗျာလေးနှင့်ပတ်သက်သော စာသားတစ်ချို့...
အဓိပ္ပါယ်ရှိနေတဲ့ ကဗျာလေးတစ်ပုဒ်၊ ဒါမှမဟုတ် ဇာတ်နာအောင်ဖန်တီးခံထားရတဲ့ ကံကြမ္မာဆိုးရဲ့ ဇာတ်ဝင်ခန်း
ဆိုရင်လည်း မမှားပါဘူး။ ကဗျာဆရာလေးတစ်ယောက်ရဲ့ ချစ်သူ၊ အဲဒီချစ်သူရဲ့ ဘ၀နေ၀င်ချိန် မှတ်တမ်းဆိုရင်
လည်းမမှားပါဘူး။ ကဗျာဆရာဆိုတာ မျက်ရည်ကို စကားလုံးနဲ့ပီပြင်စွာ ဖော်ပြနိုင်တဲ့ တစ်ဦးတည်းသော အနုပညာရှင်ဆိုတာ ကျွန်တော်တို့
အမှန်တစ်ကယ် အသိအမှတ်ပြုလက်ခံလိုက်ရအောင်ပါလား။သည်ကဗျာလေးကို တုန်ယင်လှိုက်လှဲစွာနဲ့ ရွတ်ဖတ်မိပါရဲ့။အဲဒီ ကဗျာလေးကို ကြေကွဲဝမ်းနည်းစွာနဲ့ သည်ဘလော့စာမျက်နှာလေးထက်ကို လွှတ်တင်မိပါရဲ့။သည်ကဗျာလေးနဲ့ထပ်တူထပ်မျှ ကဗျာဆရာလေးနည်းတူ
ကျွန်တော်တို့နာကျင်ခံစားမိကြောင်း စကားဆိုခဲ့ချင်ပါတယ်။
Saturday, October 31, 2009
Friday, October 30, 2009
အမေ
ငြိမ့်ငြိမ့်လေးသွယ်စီးလာတဲ့ ရေအလျဉ်
အုပ်အုပ်လေး သိုင်းပေးလိုက်တဲ့အာငွေ့
နီစွင့်စွင့် မြှပ်ပေးလိုက်တဲ့ သွေးအိုး
လှည်းသားငါးရာလည်း
ဒီနေရာမှာ
စခန်းချသွားခဲ့ဖူးတယ်။
သူရနီ
၂၀၀၆၊မေ၊ Idea
အုပ်အုပ်လေး သိုင်းပေးလိုက်တဲ့အာငွေ့
နီစွင့်စွင့် မြှပ်ပေးလိုက်တဲ့ သွေးအိုး
လှည်းသားငါးရာလည်း
ဒီနေရာမှာ
စခန်းချသွားခဲ့ဖူးတယ်။
သူရနီ
၂၀၀၆၊မေ၊ Idea
Wednesday, October 28, 2009
ရည်ရွယ်သော အကြောင်းအရာများအား ညွှန်းဆိုလျက်
ရည်ရွယ်ချက်တိတိပပ၊ ရည်ညွှန်းချက်အပြည့်အစုံ ပြဌာန်းခဲ့ရသော ကဗျာ
စိတ်အလျင်မှာ၊ ၀ိဥာဉ်မှာ၊ညအမှောင်မှာ သံမှိုနဲ့စွဲထားခဲ့သော ကဗျာ
လေတိုးတာ၊ပန်းပွင့်ကြွေတာ၊လှိုင်းထတာ၊ သစ်ရွက်တွေလှုပ်ခတ်တာက အစ
ကဗျာ၊ ကဗျာ၊ ကဗျာ၊ ကဗျာ
အခြေအနေသာပေးမယ်ဆို၊ စာသားတွေ၊ မတ်ဆေ့ခ်ျတွေ၊ သင်္ကေတတွေ
တစ်နေ့ပြီးနောက်ထပ် တစ်နေ့ ရွေ့ရွေ့လာနေသော ပစ်မှတ်
လက်ထဲ ဗလာချည်းသက်သက်၊ စူးစိုက်လျက်၊ ကွန်ပြူတာမျက်နှာပြင်ပေါ်ကြည့်လျက်
ပျော်ဝင်၊နစ်ကျွံ၊ဖောက်ဝင်သွားတော့မတက် အိပ်မက်ကမ္ဘာ
ဆာလောင်မွတ်သိပ်ခြင်းများစွာ၊တပ်မက်လောင်မြိုက်ခြင်းများစွာ
နေ့နေ့ ညည အိပ်လို့မဖြစ်တဲ့ အကြောင်းအရာပေါင်းများစွာ
နာကျင်လျက်၊ကြောက်ရွံ့လျက်၊မျက်လုံးများဖွင့်လျက်၊အကြောဆွဲလျက်
ကိုယ်တစ်ခြမ်းသေလျက်၊ ပြန်ပြောဖို့ ဆွံ့အလျက် လက်တွေ့ကမ္ဘာ
ဒီတစ်နေ့လုံးမျောနေမိတယ်/ဒီတစ်နေ့လုံးလိုင်းပေါ်မတက်ဖြစ်ဘူး
ုkeyboard ပေါ်လက်ချောင်းတွေ အဆက်မပြတ်လှုပ်ရှားလျက်
စာသားတွေ မော်နီတာပေါ်အဆက်မပြတ် ပြေးလွှားလျက်
စကားတွေ တရစပ်အဆက်မပြတ်ပြောလျက်
''ကိုကြီး သမီးနဲ့ဆိုရင်
ကိုကြီးဆံပင်တွေ ရှည်သလို
ကိုကြီးရဲ့စိတ်ကို ရှည်ရှည်ထားဖို့လိုလိမ့်မယ်ထင်တယ်'' လို့ဆိုခဲ့သောတစ်နေ့
အစွန်းတစ်ဖက်ထွက်နေသော' Custom Message' စာသားများ
ရည်ရွယ်ချက်တိတိပပ၊ ရည်ညွှန်းချက်အပြည့်အစုံ
အဖြစ်အပျက် တစ်စိတ်တစ်ဒေသကို ရည်ညွှန်းလျက်
ဒီနေရာလေးမှာတင် ရင်ခုန်သံဟာထပ်မံသေဆုံးလျက် ။ ။
အောင်ပိုင်စိုး
1:34 AM
TUESDAY

Tuesday, October 27, 2009
Emblem
At seeing mater growing green,
those trees have turned green.
Mater takes a candle lighted
covering up with her palm.
They tramp
on the keyboard of piano
without taking off their boots.
Bones, in fact,are
just the yoke of flesh.
Lo and behold,
glaring at mater being red,
flowers of bombax go crimson.
Thura Ne
Translated by T.S
those trees have turned green.
Mater takes a candle lighted
covering up with her palm.
They tramp
on the keyboard of piano
without taking off their boots.
Bones, in fact,are
just the yoke of flesh.
Lo and behold,
glaring at mater being red,
flowers of bombax go crimson.
Thura Ne
Translated by T.S
တံဆိပ်
မာသာ,စိမ်းနေတာကြည့်ပြီး
သစ်ပင်တွေက လိုက်စိမ်းနေကြတယ်
မာသာ,က
ဖယောင်းတိုင်မီးကို
လက်နဲ့ကာပြီးသယ်လာတာ
သူတို့က
စန္ဒရားခလုတ်တွေပေါ်
ဖိနပ်မချွတ်ပဲနင်းကြတာ
တစ်ကယ်တော့
အရိုးဆိုတာ
အသားတို့ရဲ့ ထမ်းပိုးပါ
အခု
မာသာ,နီတာကြည့်ပြီး
လက်ပံပွင့်တွေက လိုက်ရဲနေကြပြန်တယ်။ ။
သူရနီ
သစ်ပင်တွေက လိုက်စိမ်းနေကြတယ်
မာသာ,က
ဖယောင်းတိုင်မီးကို
လက်နဲ့ကာပြီးသယ်လာတာ
သူတို့က
စန္ဒရားခလုတ်တွေပေါ်
ဖိနပ်မချွတ်ပဲနင်းကြတာ
တစ်ကယ်တော့
အရိုးဆိုတာ
အသားတို့ရဲ့ ထမ်းပိုးပါ
အခု
မာသာ,နီတာကြည့်ပြီး
လက်ပံပွင့်တွေက လိုက်ရဲနေကြပြန်တယ်။ ။
သူရနီ
စစ်
ကောင်လေးက
အုန်းလက်နွားလေးစီးလို့
အမေပျောက်ကိုရှာတယ်
ကောင်မလေးက
ကျောက်တုံးပြက္ခဒိန်လေးဆောက်ပြီး
အဖေ့လာလမ်းကို
မျှော်လို့။ ။
သူရနီ
၂၀၀၆၊ဇူလိုင်၊ရုပ်ရှင်တေးကဗျာ
အုန်းလက်နွားလေးစီးလို့
အမေပျောက်ကိုရှာတယ်
ကောင်မလေးက
ကျောက်တုံးပြက္ခဒိန်လေးဆောက်ပြီး
အဖေ့လာလမ်းကို
မျှော်လို့။ ။
သူရနီ
၂၀၀၆၊ဇူလိုင်၊ရုပ်ရှင်တေးကဗျာ
Saturday, October 24, 2009
အခြားတစ်ဖက်မှဆက်လက်၍
ရက်ရက်စက်စက် မျောပါသွားတိုင်း
ရူးရူးသွပ်သွပ် ခံစားရတိုင်း
ကဗျာဟာ မုန်တိုင်း
ကဗျာဟာ လေပွေ
ကဗျာဆရာတွေရဲ့ ဘဝဟာ
နောက်ဆုတ်ဖို့၊ လက်မြှောက်ဖို့
ခေါင်းငိုက်စိုက်ချဖို့ ဘယ်တော့မှ မဟုတ်ဘူးလေ ...
ကဗျာရပ်တည်မှု အဆင်မှပြေပါ့မလား
ကဗျာရဲ့ရယ်သံဟာ
အလေးအပင်တစ်ခု ချိတ်ဆွဲထားသလို
ကဗျာစကားသံကလည်း
အသွားအလာ အထားအသို ခဏခဏမှားတယ်
အခြားကဗျာတွေဖတ်ပြီး
ကဗျာတွေနဲ့ ပိုပိုဝေးသွားတယ်လို့ ကဗျာက ခံစားရ
ဂီတဆိုရင်လည်း
CD နောက်တစ်ချပ်ပြောင်းလိုက်တာနဲ့အဆင်ပြေမယ်
ရှုမျှော်ခင်းတွေ မြင်ရဖို့ သက်သက်နဲ့တော့
ပြတင်းတံခါးကို ဖွင့်ထားလိုက်ဖို့
ကဗျာက အမြဲငြင်းဆန်တယ်
လေကောင်းလေသန့်ရဖို့သက်သက်နဲ့တော့
ပင်လယ်ကမ်းစပ်ရှိရာဆီသွားဖို့
ကဗျာက အမြဲငြင်းဆန်တယ်
ကဗျာရဲ့ အကြည့်ဟာ
ဗလာ၊ ဝေ၀ါး၊ ဟင်းလင်းပွင့်ထွက်လို့
ကုန်ထုတ်လုပ်တာဆိုရင်လည်း
ဒီအစိတ်အပိုင်းတွေကို
မတပ်ဆင်ဘဲ ထားလိုက်တော့မှာပဲ
ကဗျာပို့လိုက်တဲ့ Massage တွေက
တခြားကဗျာဆရာတွေဆီရောက်ပါ့မလား
ကဗျာခံစားရသလို
ကဗျာနားလည်သလို
တခြားကဗျာဆရာတွေ ခံစားနားလည်ပါ့မလား
ကဗျာဟာ
ကဗျာတွေရေးနေရင်းနဲ့
ကဗျာနဲ့ ပိုဝေးသွားသလို ခံစားနေရ
ဂီတဆိုရင်လည်း
CD နောက်တစ်ချပ် ပြောင်းလိုက်ရုံတင်ပဲ။ ။
အောင်ပိုင်စိုး
ဒီကဗျာက ရတီမဂ္ဂဇင်းမှာ စာပေစီစစ်ရေးထိထားတဲ့ကဗျာ တစ်ပုဒ်ပါ။
မဖတ်ရသေးတဲ့ သူများဖတ်နိုင်အောင်ပါ။

ဆင်းရဲလွန်းတဲ့ကဗျာ
ဘယ်ကစမယ်မှန်းမသိလို့
ဒီကဗျာကို ဒီကပဲစရတော့တယ်
ရှိစုမဲ့စု
အပိုင်းအစ
ဒါတွေနဲ့ပဲ စထားရတယ်
အရင်က အရမ်းလွယ်ကူလွန်းတဲ့ တစ်စုံတစ်ယောက်
ခု
ရောက်ရာအရပ်က ရပ်ရပ်စောင့်တာတောင် ရောက်မလာ
" မီး ၁၀ ခါပျက်တာ မီး ၁၀ခါ လာလို့ပေါ့" တဲ့
လ္ဘက်ရည်ဆိုင်ရှင်လေးကပြောတယ်
အရောင်တွေကို ကြောင်လွန်းလို့
အမှောင်ထဲတိုးဝင်မိတယ်
စီးကရက်ကိုပြာခြွေချတော့မှ
အစီခံရင်းမှာ အသက်ဓာတ်မှိန်မှိန်လေးလင်းနေတာမြင်ရ
အဲဒါ
လူငယ်ဘ၀တွေတဲ့လား
ကိုယ့်အလှည့်ကျမှ
ရွှေပုံထဲက အမှိုက်ကိုရခဲ့တယ်။ ။
မင်းစိုးရာ

နာမည်ကိုရွတ်ရင်းမျက်ရည်ကျ…..
ဘာဖြစ်နေမှန်းမသိရတော့
ဘာမဆိုဖြစ်နိုင်မှန်း သိနေရတယ်
ခန္တာကိုယ်မှာ အစိတ်အပိုင်းတစ်ခုလိုနေသလို
ငါ့မှာလိုအပ်လို့
တဆစ်ဆစ်ကိုက်ခဲနေတဲ့ အကြောင်းအရာ
ဦးနှောက်ကို ဝေဒနာနဲ့တမြေ့မြေ့လာစားတယ်
ဟိုတွေးဒီတွေး တောင်တွေးမြောက်တွေး
ပြေးလွှားနေရတယ်
အမှောင်ဆိုတော့
ထိစမ်းမိသမျှက ကိုယ်ထင်ထားတဲ့အတိုင်းလားလို့
ယောင်မှားမိပါတယ်
မခေါ်ဘူး မပြောဘူး
တံခါးကိုဆွဲပိတ် ကိုယ့်အရိပ်ကိုယ်ချုံ့ကြည့်တော့
အိပ်ယာပေါ် ခွေခေါက်နေတာ
အလျင်စလိုပြေးထွက်သွားတာ
အ၀တ်အစားတွေ နံစော်ကြေမွနေတာ
ဆံပင်တွေကို ဆွဲဆန့်နေတာ
ရယ်နေရင်း အကြောင်းမဲ့ရပ်တန့်ငေးဝေသွားတာ
ဖုန်းကြိုးတွေဆီတွားတက်နေတာ
ကတ္တရာလမ်းကို ကျောပိုးအိတ်ထဲခေါက်ထည့်နေတာ
မြန်မြန်စား မြန်မြန်သွားပြီး မြန်မြန်ပြန်ရောက်မလာတာ
မရောက်တဲ့အရပ်ဆီ ထွက်ခွာသွားပြီး
ရောက်ရာအရပ်မှာ ရပ်တန့်နေတာ
ရပ်တန့်တိုင်းမှာ အဓိပ္ပာယ်ကင်းမဲ့လျှက်
အဓိပ္ပာယ်တိုင်းမှာ သေဆုံးသွားခဲ့ရတာ
အသက်ရှင်နေစဉ်မှာ နာမည်ကိုရွတ်ရင်း
နာမည်ကိုရွတ်ရင်း
သူ့နာမည်ကိုရွတ်ရင်းမျက်ရည်ကျ
တိတ်ဆိတ်စွာ . . .
သူ့နာမည်ကိုရွတ်ရင်းမျက်ရည်ကျ
အသက်ရှင်စဉ်မှာ ပျော်သလိုလိုရယ်မောရင်း ရယ်သလိုလိုမျက်ရည်ကျ
အလွမ်းရယ်
ချစ်ခြင်းက Fiber Optic ထဲပိတ်မိနေပြီး
အရူးကတော့ သူ့အင်ဂျင်လေးထဲ လောင်စာဆီရှိမရှိ
ဂတ်(စ်)မီးတောက်ပြာလဲ့လဲ့လေးနဲ့ညှိကြည့်လို့ ။ ။
မင်းစိုးရာ
31.3.09 ( 11:49 pm )

ခွဲခွါ…
တိတ်ဆိတ်စွာ…
တလွင့်လွင့် လှုပ်ခတ်နေတဲ့
ဇာပ၀ါ ခန်းစည်းလေးရယ်…
အမှောင်မလာခင် အဆောင်ပြတင်းဝက
ပြာလဲ့လဲ့ရီဝေ…
ညနေတွေ အိပ်မက်ဆန်လွန်း…
အပျော်ရွှင်ရဆုံး ဇာတ်ဝင်သီချင်းလေးရယ်
မှန်ကွဲစတွေ လိုက်ကောက်မိတော့မှ
ညဟာ ချောက်ခြားစရာ အနီရောင်တဲ့
သူ့မျက်တောင်လေးတွေ ဘယ်လောက်ရှည်ရှည်
သူ့မျက်ရည်ကို ကွယ်ထားလို့မှမရတာ
ရင်ထဲ…
တမြေ့မြေ့စိုက်ဝင်လာတဲ့ ဒဏ်ရာကိုပဲ
တယုတယ ချွန်မြနေရတယ်…။ ။
မင်းစိုးရာ
၂၀၀၉၊ ဖက်ရှင်မဂ္ဂဇင်း။
တလွင့်လွင့် လှုပ်ခတ်နေတဲ့
ဇာပ၀ါ ခန်းစည်းလေးရယ်…
အမှောင်မလာခင် အဆောင်ပြတင်းဝက
ပြာလဲ့လဲ့ရီဝေ…
ညနေတွေ အိပ်မက်ဆန်လွန်း…
အပျော်ရွှင်ရဆုံး ဇာတ်ဝင်သီချင်းလေးရယ်
မှန်ကွဲစတွေ လိုက်ကောက်မိတော့မှ
ညဟာ ချောက်ခြားစရာ အနီရောင်တဲ့
သူ့မျက်တောင်လေးတွေ ဘယ်လောက်ရှည်ရှည်
သူ့မျက်ရည်ကို ကွယ်ထားလို့မှမရတာ
ရင်ထဲ…
တမြေ့မြေ့စိုက်ဝင်လာတဲ့ ဒဏ်ရာကိုပဲ
တယုတယ ချွန်မြနေရတယ်…။ ။
မင်းစိုးရာ
၂၀၀၉၊ ဖက်ရှင်မဂ္ဂဇင်း။
ငှက်ကလေး….
မင်းလာနားပုံကမယုံနိုင်စရာ
တိုးတိတ်ညင်သာလွန်းရဲ့
ရှုခင်းမဲ့ပြတင်းပေါက်အသေထဲ
မင့်ရဲရင့်ဖျတ်လတ်တောင်ပံခတ်သံနဲ့
အမှန်တွေဟာသက်ဝင်လင်းပြက်လို့
ငှက်ကလေး…
မင်းဟာ ကမ္ဘာဦးဂူနံရံမှာ
ငါရေးခြစ်ခဲ့တဲ့ သိစိတ်မဲ့ပန်းချီကား
အလင်းကန်းနေတဲ့ မျက်လုံးတွေရဲ့တံခါးကို
မင်းရင်ထဲကသီချင်းစာသားနဲ့ ဖွင့်ခဲ့တယ်…
အရှုံးမဟုတ်ဘူး ငှက်ကလေး…
ငြိမ်းချမ်းရေးဆိုတာ
ချစ်ခြင်း မေတ္တာရဲ့ ထိုးမြဲလက်မှတ်ပါ
မင်းပျံသန်းသွားပြီးတဲ့နောက်မှာ
ငါဟာ ငြိမ်းချမ်းစွာချစ်ခဲ့တယ်…
ငါဟာငြိမ်းချမ်းစွာ…
ငါဟာ…
ငှက်ကလေး…
မင်းစတေးခဲ့တဲ့တောင်ပံတွေရဲ့ တံစက်မြိတ်မှာ
ငါ့အမှောင်စိတ်သွေးတိတ်ခဲ့ပေါ့
မရေရာသူတွေရဲ့ စကားမှာတော့
မင်း ပျံသန်းပျောက်ပျက်ခဲ့ပြီတဲ့
ရင်ထဲကိုလာနားတဲ့ ငှက်ဆိုတာ
တစ်သက်လုံးပျောက်ပျက်ဖို့ ပျံသန်းမှာ မဟုတ်ဘူး
ငါ အဲဒီလို ယုံကြည်ဖွဲ့ဆိုခဲ့တယ် ။ ။
မင်းစိုးရာ
၂၀၀၅၊ ရုပ်ရှင်သစ္စာမဂ္ဂဇင်း။

ညနေဖွဲ့
ညနေ
တိမ်တွေငိုတဲ့ သီချင်းမှာ
ကိုယ့်သွေးသားကိုယ် လင်းအောင်ကြားရတယ်
လေသင့်ရာ
ပန်းရနံ့တွေ ပဲ့တင်တဖွားဖွား
အ၀ါရောင်များ အိပ်တန်းဝင်ချိန်
ရှုခင်းတွေက အလွမ်းနှယ်ခြောက်သွေ့လွန်း
စိတ်ရောကိုယ်ပါဝေးခဲ့ရာ
သည်မှာ၊ သည်တစ်ပွဲပြီးရင် ဇွဲဆုရမှာလားမေမေ
ကျွန်တော်ဟာ မိသားစုဆီလက်မှတ်မဖြတ်ရသေး
လမ်းရှိသရွေ့ အတွေးအခေါ်လည်းရှိမယ်
လူတွေ ကားတွေက ဖုန်လိုလွင့်လို့
ရထားများ မြင့်ရာမှနိမ့်ရာသို့စီးဆင်းဆဲ
တကယ်ဆို
မိုးတိမ်တိုင်း ငွေ့ရည်ဖွဲ့လို့မရဘူး
မိသားစုနဲ့အဝေးမှာ။ ။
ဘုန်းနေသွန်း
ရုပ်ရှင်သစ္စာ ၊ အောက်တိုဘာ၊ ၂၀၀၄

လူနာ- ၂
စိတ်အဟောင်းထည်လေးဖြန့်ကြည့်လိုက်တော့
ရနံ့ဟောင်းလေး လွင့်ကျလာတဲ့နေ့
နေရောင်ထဲကနေရောင်
အကြည့်ချင်းအဆုံမှာ ကျောက်ဖြစ်သွားတဲ့ငှက်ကလေး
စိတ်အိုက်လက်အိုက်နေ့များ ညများ
ကျွန်တော်လည်း နံရံပေါ်ကနံရံနဲ့ လေးလေးလံလံ
မြို့အနှံ့
ရှိသမျှလမ်း အကုန်လျှောက်တယ်
အမှောင်ထဲက အမှောင်မှန်သမျှရောက်တယ်
ကျွန်တော်မသိတဲ့ကျွန်တော်ဟာ
မျက်သားအပြာနဲ့ ကမ္ဘာဆေးမိုး
ဓားအိမ်ထဲက ဓားအိမ်
ခု
ဘယ်ဓားကို ဆွဲထုတ်ရမလဲ
မသိတော့။ ။
ဘုန်းနေသွန်း
စရဏမဂ္ဂဇင်း ၊ 2005

ဟယ်လူဆီနေးရှင်း - ၂
ပြတင်းတံခါးကို ဖွင့်လိုက်ရင် တစ်ယောက်ယောက်ကိုတွေ့ရမယ်လို့ထင်နေတယ်
ပြတင်းပေါက်ကကြည့်ရင် သစ်ရွက်တွေကြွေနေတာကို တွေ့ရမှာပဲ
ခုလိုမျိုးအချိန်မှာ တစ်ယောက်ယောက်က သစ်ရွက်တွေကြွေတာအဓိပါယ်မရှိဘူးလို့ပြောလာရင်
ဘယ်အရာကများ အဓိပါယ်ရှိလဲလို့ ငါပြန်မေးမိမှာပဲ
အခန်းကျဉ်းထဲမှာ ငါတစ်ယောက်တည်း
ပျင်းရိငြီးငွေ့ဖွယ်ရာ
လူအဖြစ်ဟာ အဆက်အစပ်မရှိသလို ရှည်လျားလို့
တိတ်ဆိတ်မှုဟာ အရာရာမှာ သွေးဆုတ်ဖြူလျော်လို့
ငါ့နောက်ပါးမှာ တစ်စုံတစ်ရာရှိနေတယ်
ငါလှည့်ကြည့်တော့ ဘာမှမရှိပြန်ဘူး
ခုလိုအချိန် ငါ့စိတ်ကို ငါ့လက်မှာတပ်ပေးလိုက်ရင်
ငါ့လက်ကို ဘယ်လိုမှပြနှ်ရှာလို့ရမှာ မဟုတ်တော့ဘူး
လူအဖြစ်မှာ ငါရှိနေတာ ၊ ငါထိုင်နေတာ ၊ ငါငေးမောနေတာ
ရောဂါပိုးမွှားဆိုရင် တစ်ချိန်ချိန်မှာ သွေးထဲပျံ့နှံ့ရောက်ရှိသွားမှာပဲ
ကြွေနေတဲ့သစ်ရွက်တွေလည်း တစ်ချိန်ချိန်မှာ သွေးအေးသွားမှာပဲ
ဒီလိုနဲ့ပဲ တစ်နေ့ပြီးတစ်နေ့ ငါဟာဖြတ်သန်းခဲ့တာပဲ
ဖုန်တွေတက်နေတဲ့အခန်း ၊ အမှောင်ကျနေတဲ့ ကမ္ဘာတစ်ခြမ်းနဲ့ သွေးရူးသွေးတန်းနဲ့
ငါမမြင်နိုင်တဲ့အမှောင်မှာ ငါမမြင်နိုင်တဲ့ ရှုပ်ထွေးမှုနဲ့
ဟယ်လို ချစ်ခြင်းမေတ္တာ …..
ဟယ်လို ကမ္ဘာကြီး …..
အသံတစ်ခုခုကြားရင် ငါဟာချက်ခြင်းထရပ်မိမှာပဲ
လူနာတစ်ယောက်သာဆိုရင်
မျှော်လင့်ချက်မရှိတော့ဘူးလို့ပြောမိမှာပဲ။ ။
ဘုန်းနေသွန်း
မိုးဂျာနယ် ၊ ၂၀၀၉ ၊

မြို့ပြ - ၇
နေဟာ စီးကရက်ကို တစ်ခြမ်းလောင်လို့
ပူလောင် ၊ ခြောက်သွေ့ ၊ နေ့လယ်ခင်း….
ဒုက္ခသွေးတစ်စက်စက် ယိုစီးစိမ့်ကျလို့
အမှောင်ဟာ သံသရာမက ရှည်လျားလို့
သွေးသား ဒါမှမဟုတ် အလိုဆန္ဒဟာ
ဖြတ်သွားတဲ့ ကားနောက်ခန်းမှာ အရယ်အမောနဲ့
ခေါင်းငုံ့ ဒါမှမဟုတ် တစ်ယောက်တည်းတိတ်ဆိတ်လို့ ၊ ခြောက်သွေ့လို့
လူအဖြစ်မှာ တအားအထီးကျန်တာပဲ
နေ့လည်နေ့ခင်းဟာ လွင်တီးခေါင် ၊ တစပြင်ဆန်ဆန်ပဲ
တိုက်နေတဲ့လေမှာ သစ်ရွက်တွေကြွေတယ်
ကြယ်တွေကြွေတယ်
ဖြတ်ထားတဲ့ ဆေးလိပ်ပြန်သောက်မိပြန်တယ်။ ။

Friday, October 23, 2009
သစ်ရွက်ကြွေလေးရဲ့နာမည်
(၁)
လမ်းမပေါ် ဖြတ်ကျော်လာတဲ့ လေထဲမှာ တံလျှပ်တွေ ယိမ်းယိမ်းလှုပ် အေးမြခြင်းကို စုပ်ယူဝါးမြိုခဲ့တဲ့ နွေရေ သစ်ရွက်တွေဟာ ကြွေခဲ့ပြီ။ ဟော့ဒီ နွေနေ့တွေမှာ လေပြေညင်းဆိုတာကလည်း မြားအစင်းစင်း ရင်ကိုခွင်းသလို ပူလောင်လွန်းလှပါရဲ့။ ဟော့ဒီ နွေညတွေမှာ နှစ်သိမ့်စရာ ဆိုတာကလည်း တစ္ဆေတစ်ကောင်ရဲ့ အနမ်းနဲ့ ချော့သိပ်ခံရသလို ချောက်ခြားဆူပွက် ပိတ်ထားတဲ့ ပြူတင်းပေါက်ဟာ တဖျတ်ဖျတ် ထပွင့်လို့။
“သစ်ရွက်ကြွေ” ...
လေတိုးလို့ ကြွေသွားရတဲ့ လေတိုးကြွေရွက်လေး တစ်ရွက်ပါ။ သူ့ရင်ဘတ်မှာ သူ့နံမည်ကို ရေးထိုးလို့။ သူ့အကိုင်းအခက်နဲ့ သူ့အသက်ဟာ အချိတ်အဆက်ပြတ်တောက်လို့။ သူကြွေဆင်းလာရာ လမ်းမှာ သူ့ကံကြမ္မာဟာ ရမ်းရမ်းကားကား တိုက်ခတ်ခဲ့ပါတယ် ... ။ သူလက်လှမ်းမမှီနိုင်တဲ့ ဟိုး အဝေးကောင်းကင်မှာတော့ ကြယ်တွေဟာ တသွင်လတ်လတ် တောက်ပလို့ပေါ့။
(၃)
လွန်ခဲ့သော အတိတ်ကာလတုန်းကတော့ သစ်ရွက်ကြွေလေးဟာ ကြယ်တွေကို ငေးရီအားကျခဲ့ဖူးတယ်။ ကြယ်တွေဆီရောက်အောင် သွားဖို့ကိုလည်း အိပ်မက်အလီလီ မက်ခဲ့ဖူးတယ်။ သူဟာ ညတွေမှာ ကမ္ဘာမြေရဲ့ ဆိုးသွမ်းညစ်နွမ်းမှုတွေကို စုပ်ယူပြီး သူ့ရှင်သန်မှုအတွက် အင်အား ချက်လုပ်ခဲ့တယ်။ နေ့တွေမှာတော့ သူ့ကိုယ်ပိုင် အရောင်နဲ့ ကမ္ဘာမြေအပေါ် ကောင်းမြတ် သာယာခြင်းကို စီးဆင်းစေခဲ့တယ်။ အဲဒီအချိန်တုန်းက ကောင်းချီးပေးခြင်း နှင်းများဟာ သူ့အပေါ် တမှုန်မှုန်တဖွားဖွား ရွာသွန်းလို့၊ သူ့ရင်ခွင်ထက်မှာ တွဲလဲခိုနေတဲ့ နှင်းရည်စက်တွေအပေါ် လရောင်ဖြာဆင်းကျလာတော့ သူ့ခန္ဓာကိုယ်ဟာ တဖျတ်ဖျတ် တောက်ပလင်းလက်လို့။ သူခုန်ချလိုက်ရင်ပဲ သူရစ်ဝဲ တိမ်းညွှတ်တဲ့ ကောင်းကင်ပြင်မှာ ကြယ်တစ်စင်းအဖြစ် ထွန်းလင်းတော့မယ့်အလား သူထင်ခဲ့တယ်။
(၄)
သူ့ထင်မြင်ယူဆချက်ဟာ ခဏလေးသာ ဖြစ်ခဲ့တယ်။ သူ့ခေတ် သူ့အခါမှာ ဒဏ်ရာကို ဖွဲ့ဆိုခြင်းသာ အမှန်တရားဖြစ်ကြောင်း ဘ၀နဲ့ရင်းပြီး သင်ယူခဲ့ရတယ်။ သူ့မျိုးစေ့ဟာ မှန်ပေမယ့် သူ့အပင်ဟာ မသန်ခဲ့ပါဘူး။ သူ့အပင်က သွေးနဲ့ ကြီးပြင်းရတဲ့ သစ်ပင်ဆိုတော့ သူ့အပွင့်ဟာ ဝေဒနာနဲ့သာ ချင်းချင်းနီခဲ့ရပါတယ်။ ခုတော့ သူဟာ လေတိုးလို့ ကြွေတဲ့ လေတိုးကြွေရွက်လေးတစ်ရွက်အဖြစ်နဲ့ မြို့ပြရဲ့လမ်းမတွေပေါ် လွင့်စင်ခဲ့ရတယ်။ မြို့ပြကြီးဆိုတာကလည်း မီးတွေလင်းသလောက် မှောင်လွန်းလှပါရဲ့။ လမ်းတွေကလည်း ဖြောင့်တန်းသလောက် ကောက်ကွေ့၊ ချောမွေ့သလောက် ကြမ်းတမ်းလှပါရဲ့။ သူလွင့်စင်ခဲ့ရတဲ့ သူ့ဘ၀လမ်းရဲ့ ရင်ခွင်မှာတော့ အမှောင်တွေသာ ဖုံးအုပ် မိုက်မဲခဲ့တယ်။ ဘယ်လောက်မှောင်သလဲဆိုရင် လကွယ်ညပေါင်း အထောင်အသောင်း ပေါင်းစုပြီး မှောင်သလိုမျိုး မှောင်ခဲ့ရတာပါ။
အဲဒီ အမှောင်လမ်းမှာ ဘာမဟုတ်တဲ့ သီချင်းတစ်ပုဒ်ကလည်း သူ့နှလုံးသားကို ထိထိခိုက်ခိုက် ဖြစ်စေတာပဲ။ အဲဒီအမှောင်လမ်းမှာ လူတစ်ယောက် ဖြတ်လျှောက်ရင်တောင် သူ့အသက် ဇီဝဟာ ခြေဖ၀ါးတွေ အောက်မှာ ကြေမွလောက်ရဲ့။ ဆေးလိပ်မီးတစ်စ လွင့်ကျလာရင်လည်း သူ့ခန္ဓာဟာ ပြာကျစွဲလောင်နိုင်ရဲ့။
အဲဒီ အမှောင်လမ်းမှာ အမုန်းတရားများ၊ ကောက်ကျစ်ယုတ်မာမှုများ၊ ဖောက်ဖျက်မှုများ၊ ဒုစရိုက်များ၊ ချုပ်နှောင်မှုများ၊ အပျက်များ၊ ယာဉ်တွေ ကားတွေကလည်း တ၀ီဝီ ဖြတ်မောင်းသွားကြပေါ့။ သူ့ကိုများ တိုးမိ တိုက်မိသွားမလား။ အကြည့်ကို လွှဲဖယ်ပစ်လိုက်ရတယ်။ မမြင်ရခြင်းမှာ အလင်းတစ်စတစ်လေ ရှိလေမလား။ မျှော်လင့်သမျှ မျှော်လင့်သလို မဖြစ်ခဲ့တာလည်း ဘ၀ပဲမဟုတ်လား။ မသိချင်တော့ပါဘူး။ ဆက်မကြည့်ချင်တော့ပါဘူး။ ဆက်မငေးချင်တော့ပါဘူး။ ဆက်မငေးရက်တော့ပါဘူး။
(၅)
“ပြတင်းပေါက်”
လေတိုးလို့ကြွေတဲ့ လေတိုးကြွေရွက်လေးတစ်ရွက်
သူဟာ
အမှောင်ဖုံးဖုံး လမ်းရဲ့ရင်ခွင်ထဲ ရောက်သွားတယ်
ယာဉ်တွေ တ၀ီဝီ ဖြတ်မောင်းသွားကြ
သူ့ကိုများ တိုးမိတိုက်မိ
အဲဒီနောက်ပိုင်း
ကျွန်တော် ဆက်မငေးတော့ဘူး။
~ အောင်ခိုင်မြတ်
(၆)
သတိရလိုက်ဖို့ မေ့လျော့ခဲ့တဲ့ အရာတစ်ခု ရှိပါတယ်။
“သစ်ရွက်ကြွေလေးရဲ့နာမည် ...”
သူ့ရင်ခွင်ထက်မှာ ရေးထိုးထားတဲ့ အမည်ဟာ ကျွန်တော့် အမည်လား။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့ အမည်လား။ ဒါမှမဟုတ် ကျွန်တော်ချစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ နာမည်လား။ ကလေးလေး တစ်ယောက်ရဲ့ နာမည်လား၊ သို့မဟုတ် လူငယ်တစ်ယောက်ရဲ့ နာမည်လား။ မသိချင်တော့ပါဘူး။ သတိမရချင်တော့ပါဘူး။ တစ်ဆက်တည်းမှာပဲ သစ်ရွက်ကြွေလေးဟာ ကျွန်တော် ငေးကြည့်နေတဲ့ ပြတင်းပေါက် တည့်တည့်မှာပဲ ကြွေခဲ့တာလား။ ကျွန်တော် မမြင်ရတဲ့ ပြတင်းပေါက်ရဲ့အကွယ် အခြားနယ်ပယ်တွေမှာရော သစ်ရွက်တွေဟာ ကြွေခဲ့ကြတာလား။ ကမ္ဘာမှာ သစ်ရွက်ကြွေတွေ ဘယ်လောက်ထိ များပြားခဲ့ပြီလဲ။ မသိချင်တော့ပါဘူး။ မတွေးချင်တော့ပါဘူး။ အခုချိန်မှာ ကျွန်တော် ဆက်မငေးရက်တော့တဲ့ သစ်ရွက်ကြွေလေးရဲ့ နာမည်ကိုသာ ကျွန်တော့် နှလုံးသားမှာ ရေးထိုးထားချင်ပါတော့တယ် ။ ။
ဆရာအောင်ခိုင်မြတ်၏ “ပြတင်းပေါက်”ကဗျာအား ခံစားသည်။
~ မင်းစိုးရာ
ဤကဗျာခံစားမှု ဆောင်းပါးလေးသည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က “မြားနတ်မောင်”မဂ္ဂဇင်းတွင် ဖော်ပြ ပါရှိသော “ဆရာအောင်ခိုင်မြတ်”၏ ကဗျာအား ကဗျာဆရာ“မင်းစိုးရာ”မှ ခံစားတင်ပြထားခြင်း ဖြစ်သည်။ ဤဆောင်းပါးအား “အဓိပ္ပါယ်ဖော်ပြရန်ခက်ခဲသော” ကဗျာဘလော့ထဲတွင် ကဗျာခံစားမှုဆောင်းပါးကဏ္ဍအဖြစ် ဖော်ပြအပ်ပါသည်။
~ အောင်ပိုင်စိုး

Tuesday, October 20, 2009
ဂျူလိုင်(၁၂)ရက်၊(၁၃)နာရီ၊(ရ)မိနစ်တိတိ
သွေးထဲ တဒုတ်ဒုတ်ခုတ်မောင်းနေတာ
တိတ်ဆိတ်မှုဟာ နေရာအနံှံ့အပြား တရှိန်တိုး ... ရှေ့သို့
တစ်ယောက်ရဲ့ဖြစ်တည်မှုဟာ အခြားတစ်ယောက်အပေါ် ပြိုကျနေတယ်
"ချစ်တယ်ကွယ်"
လွယ်လွယ်ပြောမထွက်ချင်ပေမယ့် ပြောခဲ့တော့မယ်
မင်းမျက်ဝန်းမှာ မျက်ရည်စတွေ စိုလဲ့လို့
မျက်ရည်တစ်စက်ချင်းမှာ ငါဟာပျော်ဝင်နေတယ်
အဓိပ္ပါယ်မဲ့ နံရံကိုငေးနေမိတယ်
သွေးရူးသွေးတန်း အတွေးတွေ လွင့်စင်ပွင့်ထွက်နေတယ်
လွတ်လပ်မှုကို ချုပ်နှောင်ထားရတဲ့ စိတ္တဇ
မျက်ရည်တသွင်သွင်ကျနေတဲ့ မင်းကိုသနားမိတယ်
ရူးတော့မယ်ထင်ပါရဲ့
တိတ်တဆိတ် ငါတို့နှစ်ဦး ... ရှေ့သို့
တရွေ့ရွေ့၊တဖြည်းဖြည်း၊နစ်ကျွံ ပျော်ဝင်လို့
မင်း မပြောပေမယ့် မင်းစကားသံလေးကို ငါမြိုချမိတယ်
မင်း မငိုကြွေးပေမယ့် မင်းမျက်ရည်စတွေကို ငါဖယ်ရှားသန့်စင်နေမိတယ်
ပတ်ဝန်းကျင်ဟာ အနာတရအပြည့် တိတ်ဆိတ်လို့
ဘယ်ဘ၀ရောက်ရောက် ဒီဘ၀လေးဆီ ပြန်လာခဲ့တော့မယ်။ ။
အောင်ပိုင်စိုး
3:00 PM, Tuesday

Monday, October 19, 2009
အပ္ပမာဒေန၊ သမ္ပာဒေထ
တစ်နေ့ကျရင်သူဘာဖြစ်လာမှာလဲလို့ မကြာခဏ ဘ၀နဲ့ဝေးရာတွေးတွေးနေမိတယ်။သတိလက်လွတ်မေ့လျော့လိုက်ဖို့ကခက်ခဲလိမ့်မယ်လို့
မကြာခဏအတိတ်ကိုလည်ပြန်ငေးနေမိတယ်။တစ်ကယ်လို့များ... တစ်စက္ကန့်၊တစ်မိနစ်၊တစ်နာရီ၊တစ်နှစ်ကစလို့ နောင်လာမယ့်နှစ်ပေါင်းများစွာ
အချိန်ဟာ ရေလိုရွေ့လျား၊ အခိုးအငွေ့တွေလိုများ မှုန်ဝါးပျောက်ကွယ်သွားနိုင်သလားဆိုပြီး မကြာခဏ ငြိမ်သက်တွေဝေနေမိပြန်တယ်။
အချစ်ဆိုတာကလည်း သင်ခန်းစာအသစ်တွေကိုသင်ယူကျက်မှတ်နေရသလို မကြာခဏ ခက်ခဲနေရမှာအမှန်ပဲ။အကြိုက်ဟာလည်းတစ်နေရာကနေ
အခြားတစ်နေရာ ရွေ့လျားကူးပြောင်းနေတက်တာမျိုးမဟုတ်လား။ဘယ်သူမှမရှိတော့ရင် အရင်လိုပဲဘ၀ကိုဖြတ်သန်းကျော်ဖြတ်နေမှာအမှန်ပဲ။
လမ်းတွေက ကောက်ကွေ့လွန်းသမို့ နံရံကိုကျောနဲ့ကပ်ထားမိ၊ မေးခွန်းတွေက ရက်စက်လွန်းသမို့ အဖြေကိုစာရွက်အလွတ်ပေါ်လွတ်ချမိ၊ အကြည့်တွေက စူးရှလွန်းသမို့ မျက်လွှာကိုချထားမိ။ ရင်ဆိုင်ဖြတ်သန်းရမယ့် မနက်ဖြန်ဟာ အဝေးပြေးလမ်းမထက်ကမိုင်တိုင်တွေလို ဒီတစ်နေ့ပြီး
နောက်ထပ်တစ်နေ့ ပြေးစရာ/ရွေ့စရာ မြေမရှိတော့သလိုမျိုး ခြေအစုံကိုရပ်တန့်လိုက်မိပါတယ်။ တစ်ဘ၀ပြီးနောက်ဘ၀ တစ်နေ့ကျရင် သူဘာဖြစ်လာမှာလဲလို့ အစပြီးရင် အဆုံးကိုမျှော်လင့်မနေသင့်တော့ဘူး။ အစပြီးရင် နောက်ထပ်အစပဲပြန်လာနေတဲ့ကမ္ဘာလေ...။လူတွေနဲ့ဝေးရာ၊
ရှင်သန်နေမှုရဲ့ဝေးရာ၊ တွေဝေစောင့်ဆိုင်းနေခြင်းနဲ့ဝေးရာ၊ ယုံကြည်မှုလွန်ကဲနေခြင်းရဲ့ဝေးရာ မကြာခဏ ထွက်ပြေးနေချင်တော့တယ်။သူဟာ အိပ်မက်မက်နေသလို ခဏခဏ၊ သူဟာ တစ္ဆေခြောက်လှန့်နေသလို ခဏခဏ၊ သူဟာ အရူးမီးဝိုင်းနေသလို ခဏခဏ၊ သူဟာ စိတ်နောက် ပေါ့သွပ်နေသလို ခဏခဏ၊သူဟာ အတိတ်မေ့သလို ရွှေပျောက်သလို ခဏခဏ၊သူဟာ ဥစ္စာပျောက် ငရဲရောက်သလို ခဏခဏ၊ သူဟာ ဖောက်လွဲဖောက်ပြန် ခဏခဏ၊ ဒီဘ၀ဟာ မသေချာတော့ဘူးဆိုပြီး ဘ၀ကူးကောင်းဖို့ သူက ရည်ညွှန်းချက်မပြည့်စုံသော အဓိပ္ပါယ် မဲ့ကဗျာတွေရေးနေလေရဲ့။
အောင်ပိုင်စိုး
အမှတ်(၂)၊ဖေဖော်ဝါရီလ၊လှိုင်းသစ်မဂ္ဂဇင်း
Mandalay FM Radio

အဓိပ္ပါယ်ဖော်ပြရန်ခက်ခဲသော ဘလော့နှင့်ပါတ်သတ်သော
ကျွန်တော်တို့ ဒီကဗျာဘလော့လေးသည် ကဗျာဆိုင်ရာအကြောင်းအရာများကိုသာ အဓိကထားဖော်ပြမည်ဖြစ်ကြောင်း၊
ကဗျာဆရာ အောင်ပိုင်စိုးနှင့် ကဗျာဆရာ သူရနီတို့၏ကဗျာများ၊ ကဗျာကိုချဉ်းကပ်တို့ထိသောစာတမ်းများ၊အက်ဆေးများ၊ လစဉ်မဂ္ဂဇင်းများမှကဗျာနှင့်ပတ်သတ်သောမည်သည့်ကဗျာအမျိုးအစားမဆှို ထူးခြားလတ်ဆတ်ပေါ်လွင်သောကဗျာများကိုသတိထား ဖော်ပြနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ သည်ဘလော့အားဝင်ရောက်ဖတ်ရှု့သောအနုပညာကိုချစ်ခင်မြတ်နိုးသူများ၊ကဗျာဆရာများ၊ဘလော့ကာများအား အသိပေးအကြောင်းကြားပါသည်ခင်ဗျား...။
ကျန်းမာပျော်ရွှင်လွတ်လပ်ပါစေ။

လွင့်မျောလျှက်
နေ့စဉ်တိုက်စားနေတဲ့ သက္ကရာဇ်များပဲပေါ့
လက်ချည်းသက်သက်နဲ့ရင်ဆိုင်လိုက်တော့မယ်
သစ်ရွက်တွေ ကြွေသလို
ကြွေနေတဲ့အထဲ ငါလည်းရောပါနေတယ်
မေ့လျော့ရင်းနဲ့ပဲ ဇာတ်လမ်းကိုစတင်လိုက်ပါတယ်
ငေးမောရင်း ရှုခင်းတွေ ကျယ်ပြန့်လာ
နားဆင်ရင်းသီချင်းတွေ ရှည်လျားလာ
ငါဟာ…
အလေအလွင့်စိတ်နဲ့
တိတ်တိတ်လေးကြွေကျသွားတဲ့ ကြယ်လေးတစ်ပွင့်ပေါ့
ရယ်မောသံမရှိ ပကတိငြိမ်သက်
စီးကရက်မီးခိုးငွေ့တွေချည်းဝိုင်းဖွဲ့လို့
ဆွတ်ပျံ့ကြည်နူးမှုမရှိ
စိမ်းစိုလတ်ဆတ်သော ငယ်ဘ၀ရဲ့ပဲ့တင်တွေ
ခမ်းခြောက်အငွေ့ပျံနေသလိုမျိုးပေါ့
တရွေ့ ရွေ့ တဖြည်းဖြည်း
ပူလောင်မြိုက်ကျွမ်းသောမှတ်တမ်းကို
ဒီစာမျက်နှာမှာ ပြဌာန်းလိုက်တယ်။ ။

Sunday, October 18, 2009
ကံစီမံရာနေ့စွဲများ
မေးခွန်းတွေဖတ်ရင်း တစ်စတစ်စနဲ့ခက်ခဲလာတဲ့နေ့များ
အဖြေတွေကျက်ရင်း တစ်စတစ်စနဲ့လျော့ရဲလာတဲ့နေ့များ
ရှေ့တိုးနောက်ဆုတ် ချော်လဲရောထိုင် မရေမရာနေ့များ
မသေချာဘူး မရေရာဘူး ပစ်မှတ်လွဲချော်နေသောနေ့များ
ခြစ်ရာများ အဖုံးတွင်းကံစမ်းမဲများ အခုသောက်အခုပေါက်နေ့များ
အလျားလိုက် ဒေါင်လိုက် ဖြစ်သလိုအလေ့ကျနေ့များ
စိတ်ကောက်လိုက် ပြန်ချော့လိုက် ဖျတ်ဖျတ်လူးနေ့များ
အိုးထရက်ဖို့ဒ် မန်ယူVsအာဆင်နယ် ငွေကြေးစေညွှန်ရာနေ့များ
မှောက်ဖဲကြည့်စရာမလို တစ်ကိုးကင်း အဖြစ်ဆိုးခြင်းနေ့များ
ချစ်တယ်ခဏခဏပြော ယုံရဲ့လားမကြာမကြာမေးသော ပုခုံးပါးမှီနေ့များ
တေပေလေလွင့် ဖြစ်ချင်ရာဖြစ်မောင်ဘချစ်နေ့များ
ရှေ့မှာချောက်ကမ်းပါး နောက်မှာသားရဲ သေရင်မြေကြီး ရှင်ရင်ရွှေထီးနေ့များ
အင်တာနက် chat room မီးကျိုးမောင်းပျက် မြန်မာတစ်ဝက်အင်္ဂလိပ်တစ်ဝက်နေ့များ
ဂျင်းဘောင်းဘီအပြဲ အင်္ကျီဟကွဲ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နေ့များ
လည်ဟိုက်အင်္ကျီ နှုတ်ခမ်းနီ မီနီစကတ် ရယ်ဒီမိတ်နေ့များ
မြို့ပြယဉ်ကျေးမှု လူနေမှုအဆင့်အတန်း တစ်သင်းလုံးတက်တစ်သင်းလုံးဆင်းနေ့များ
သွေးရူးသွေးတန်း ထိတ်လန့်သွေးပျက် အအိပ်မဲ့နေ့များ
အိမ်အပြန် ချောက်ခြားမှောင်မိုက် ခလုတ်ခဏခဏတိုက်သောနေ့များ
အမှားအမှန် အဖြေမှန်မသဲကွဲသောနေ့များ
နောက်တစ်နေ့ ပြီးတော့မနက်ဖြန် ကံစီမံရာနေ့များပဲပေါ့ ။ ။
အောင်ပိုင်စိုး
PS မနက်ဖြန် ဘာဖြစ်လာမှန်းမသိတဲ့အနာဂတ်အား ရည်ညွှန်းလျက်

Saturday, October 17, 2009
အမှန်တကယ် ဆုံးရှုံးခဲ့ဘူးတယ်
တိတ်ဆိတ်မှုမှာ အရသာတစ်ခုခုရှိနိုင်မလားဆိုပြီး
သောက်လက်စ
စီးကရက်ကို တောက်ထုတ်ပစ်လိုက်တယ်
လျှောက်လက်စ လမ်းကို ရပ်တန့်
နောက်ကိုပြန်လည့်ကြည့်လိုက်တယ်
ကျေးဇူးအထူးတင်ပါတယ်လို့
တဖွဖွ ထပ်ပြီးပြောချင်နေသေးတယ်
အရင်အတိုင်း
ပြူတင်းတံခါးတွေ တဖျပ်ဖျပ်ထပွင့်နေသလိုခံစားရတယ်
ကျေနပ်ပျော်ရွှင်ပါစေလို့ ဆုတောင်းပြီး
ရပ်ကျန်နေရစ်တော့မယ်
အဆင်မပြေ မပျော်ရွှင်ဖြစ်တဲ့တစ်နေ့ ပြန်လည့်လာခဲ့လေ
မျက်ရည်ဟာ
ငိုကြွေးရလွန်းလို့ ခမ်းခြောက်သွားရတာပေါ့
ကျန်းမာရေးစစ်ချက်မအောင်မြင်ဘူးမဟုတ်လား
စိတ်မကောင်းရင်လည်းနေကောင်းအောင်နေပေါ့
နာကျင်နေချင်တယ်
အကျဉ်းအကြပ်ထဲကျရောက်နေချင်တယ်
အဝေးဆုံးကို အပြီးအပိုင် လွင့်စင်ထွက်သွားချင်တယ်
ထပ်ပြီး အရူးမလုပ်ချင်ပါနဲ့တော့ကွာ
အသေ အချာနှုတ်ဆက်လိုက်ပါတယ်။

ဘီးလေးဘီးစလုံး တိကနဲရပ်လိုက်သလိုမျိုး ရပ်တန့်လိုက်တယ်
မေ့လျော့ထားလိုက်တာပါလို့ စိတ်ကိုတင်းထားမိတယ်
ယုံကြည်ချက်သာ အသက်လိုရှေ့ဆက်ရှင်ရှေ့ဆက်နေမယ်ဆို
ချစ်ခြင်းမေတ္တာကလွဲရင်
တခြားဘာကိုမှ မခံစားတက်သလိုမျိုးပေါ့
ရည်ရွယ်၊မျှော်လင့်၊ရွေးချယ်ခဲ့သောလမ်း
မတော်တဆ၊အမှတ်မထင်၊အလွယ်တကူဆိုတာ
ဒီကောင့်မာတိကာမှာ ဘယ်အခါမှ ရှိလာမှာမဟုတ်ဘူးလေ
“ ငါအရမ်းချစ်တာ မင်းယုံကြည်ရဲ့လား ”
သံသရာအဆက်ဆက် ၊ ပိတ်ဆို့ခြင်းအထပ်ထပ်
ဓါးသွားထက် ပြတ်ရှလွယ်သော မေးခွန်းတွေ
မင်းသာ ကျော်ဖြတ်ရဲခဲ့ရင်…
ဒီဘဝ၊ ဒီကမ္ဘာ ၊ ဒီချစ်ခြင်းမေတ္တာ
တစ်နေ့မင်းယုံကြည်လာမှာ သေချာပါတယ်
လေထဲ ပျံ့နှံ့သွားသလို ၊ ရေထဲပျော်ဝင်သွားသလို
မင်းဘဝလေးထဲ ငါစိမ့်ဝင်သွားနိုင်ရင်ကောင်းမယ်
အနမ်းတွေက ပူလောင်လွန်းတယ်လို့ မငြင်းလိုက်ပါနဲ့အချစ်ရယ်
ဘဝနောက် အရိပ်လိုတောက်လျှောက်လိုက်နေတဲ့ ခြေလှမ်းတွေ
နားလည်မှုဟာ စိတ်ကိုအေးမြစေသော အစိမ်းရောင်
ဒီမီးမှမလောင်ရင် ငါ ဘာကိုမှမကျွမ်းတော့ဘူး။ ။
အောင်ပိုင်စိုး
(ဖေဖော်ဝါရီသံခိပ် ကဗျာစုမှ…………)

Friday, October 16, 2009
ဒီဇင်ဘာ
စာရွက်အလွတ်တစ်ရွက်ပေါ်မှာ
ပျော်ရွှင်မှုကို လုယူခံရတဲ့ နေ့တစ်နေ့အကြောင်း
စာသားတွေကို ချရေးမိတယ်။
ကြေကွဲမှုက ခွင့်ပြုလိုက်မယ်ဆိုရင်
မြင်ကွင်းတစ်ခုလုံး မှုန်ဝါးသွားစေမယ့်မျက်ရည်…
မမြင်ရတဲ့ အခြားတစ်ဖက်ကို တွေးခေါ်ဖို့
မြင်နေရတဲ့ ရှုမျှော်ခင်းကို အဖြူရောင်ဆေးခြယ်ဖို့
ရှုနေရတဲ့လေမှာ အောက်ဆီဂျင်များဖို့
အေးစက်နာကျင်မှုတွေရဲ့ တစ်ဖက်သတ်အဓိပ္ပါယ်မှာ
ငါဟာ ရန်သူကို နှလုံးသားတစ်ခုနဲ့ပဲ ရင်ဆိုင်တယ်။ ။
အောင်ပိုင်စိုး
မဟေသီ ၊ ၂၀၀၈

သီချင်း
မင်းကိုမြင်ကတည်းက
ရင်ထဲမှာ
မိုးကတစ်ခါမှမရွာသွန်းဘူး
စွဲလမ်းစရာ မည်မည်ရရမရှိ
မင်းမျက်နှာလေးကိုမြင်နေရုံ
ဒါကိုပဲ နှလုံးခုန်မြန်တယ်
အခါခါခိုးကြည့်ရဖူးတဲ့ မျက်ဝန်းညိုလေးက
တလက်လက်တောက်ပလို့
ဘာကိုမှမစဉ်းစားချင်တော့ဘူး
ချစ်တယ်ဆိုတာတစ်ခုတည်းပဲ
ပြောဖြစ်တော့မယ်။
အောင်ပိုင်စိုး
(သရဖူ မဂ္ဂဇင်း၊ ၂၀၀၅)
ရင်ထဲမှာ
မိုးကတစ်ခါမှမရွာသွန်းဘူး
စွဲလမ်းစရာ မည်မည်ရရမရှိ
မင်းမျက်နှာလေးကိုမြင်နေရုံ
ဒါကိုပဲ နှလုံးခုန်မြန်တယ်
အခါခါခိုးကြည့်ရဖူးတဲ့ မျက်ဝန်းညိုလေးက
တလက်လက်တောက်ပလို့
ဘာကိုမှမစဉ်းစားချင်တော့ဘူး
ချစ်တယ်ဆိုတာတစ်ခုတည်းပဲ
ပြောဖြစ်တော့မယ်။
အောင်ပိုင်စိုး
(သရဖူ မဂ္ဂဇင်း၊ ၂၀၀၅)
အချစ်စစ်ကို နှလုံးသားနှင့်ဆက်၍ ဖော်ပြနိုင်ပါစေ
A, B, C, D တွေ အလွတ်ကျက် လာလာရွတ်မပြနဲ့တော့
အားလုံးနားလည်သလောက်တော့ သနားတယ်
အနုပညာ၊ အတတ်ပညာ၊ အလုပ်အကိုင် အခွင့်အလမ်း
ဘယ်လောက်ထိ ပိတ်ဆို့ကာရန်ထားနိုင်မှာလဲ
Keyboard ပေါ် Enter တစ်ချက်ခေါက်လိုက်ရင်
မော်နီတာမျက်နှာပြင်ကနေ
အခြားကမ္ဘာတစ်ဖက် အရောက်လှမ်းနိုင်မယ့် ခြေလှမ်းတွေ
အင်တာနက်၊ chat-room တွေကနေ
ရင်ခုန်သံကို ပုံတူမျိုးပွားလို့ရကြောင်း သက်သေပြချက်တွေ
မြန်နှုန်းမြင့် အင်ဂျီနီယာဘ၀ကနေ
စပါးဝယ်ရောင်းပွဲစားအဖြစ် ပြောင်းလဲ ချင်မိတဲ့ ရူးသွပ်မှုတွေ
http://www.blogspot.com တွေကနေ
အလင်းပြန်လာမယ့် ယုံကြည်ချက်သက်သက် မနက်ဖြန်တွေ
ဒါတွေနဲ့မှမလုံလောက်ရင်
ဆက်ပြောနေချင်သေးတဲ့ ငါ့လျှာကို လာဖြတ်ပစ်လိုက်ပေါ့
ဆက်လျှောက်နေချင်သေးတဲ့ ငါ့ခြေထောက်ကို လာရိုက်ချိုးပစ်လိုက်ပေါ့
ပျော်သလိုနေလို့မရလည်း ပျော်အောင်နေမယ်လို့ စိတ်ထဲတွေးထားတယ်
``တစ်နေ့ကရဲ့မနက်ဖြန်ဟာ ကြာသပတေးနေ့ဖြစ်ပြီး
သဘက်ခါရဲ့ မနေ့က စနေနေ့ဖြစ်ရင်
ဒီနေ့ဟာ ဘာနေ့လဲ ဆိုတဲ့´´
အဓိပ္ပါယ်မဲ့ ကြော်ငြာဘုတ်ပေါ်က စာသားတစ်ချို့ကို ဖတ်မိရဲ့
သြော် သံသယစိတ်ဟာ
လမ်းတွေပေါ်မှာ၊ ဆင်းရဲသားရပ်ကွက်တွေမှာ
စိုက်ပျိုးထွန်ယက်လို့မရတဲ့ မြေလွတ်၊ မြေရိုင်းတွေပေါ်မှာ
သိန်းထောင်ချီတန်ကြေးရှိတဲ့ လူကုံတန်ခြံဝန်းတွေထဲမှာ
အလေ့ကျပေါက်ရောက်နိုင်တဲ့ မြက်ပင်လိုမျိုးပဲ . . .
မနိုင်ဝန်တွေ မတန်တဆ သယ်ရွက်ထမ်းပိုးနေရတဲ့
ဘ၀ ၀န်ထမ်းတစ်ယောက်လိုပေါ့
နာကျင်စရာတွေကြုံလာတိုင်း
ငယ်ဘ၀အိပ်မက် အကျိုးအကြေလေးကို
သံသေတ္တာဟောင်းလေးထဲ တရိုတသေခေါက်သိမ်းထားမိရဲ့
မေ့လို့ မဖြစ်တာကို မေ့ပစ်လိုက်ဖို့
တွေးလို့ မရတာကို ဆက်ဆက်တွေးနေမိပါတယ်
ကမ္ဘာကြီးအကြောင်း မစဉ်းစားအား
မနက်ဖြန် အတိအကျရောက်လာမယ့် လမ်းတွေ အကြောင်းပဲ စဉ်းစားမိရဲ့
အမှန်တရားဟာ တစ်ခုထက် ပိုနေမလားဆိုပြီး
သွားနေကျလမ်းကလေးကို ကျောခိုင်းပစ်လိုက်တယ်
လုံခြုံမှု မရှိတော့တ့ေဲ နာက်ပိုင်း
လူငယ်ဘ၀ ဒီဇိုင်းကို ဒီအတိုင်းပဲ ထားခဲ့လိုက်မိတယ်။ ။
*ကိုကျော်ကျော်ထိုက်သို့ . . .

ထားရစ်ခဲ့တဲ့အတိုင်း ကျန်နေခဲ့ရတယ်
အပြင်ကိုငေး ဆက်တွေးနေတယ်
ဒီနေ့သတ်မှတ်ချက်ကို
မနက်ဖြန်ရွေ့လာမယ့် အမှတ်အသားရက်စွဲများအပေါ်တစ်ခုခု
လစ်ဟာဆုံးရှုံးမှုလို့ တံဆိပ်ကပ်ထားလိုက်ရုံပေါ့
သစ်သားထဲ သံကိုတဖြည်းဖြည်းရိုက်သွင်းနေသလို
တစ်ကိုယ်ရည်တစ်ကာယ အိပ်ရာလေးအပေါ်
တစ်အိအိကျွံဝင်သွားတော့မလို
အမှန်တစ်ကယ်လေးပင်လာသော ဘဝဝန်ကို ထမ်းပိုးနေရပါတယ်
စိတ်ပျက်သွားပြီလား
ခေါင်းစဉ်အတည်တကျမရှိတဲ့ ရယ်သံလေးကို သတိရနေသေးလား
အမှတ်မရှိတဲ့အတွေးကို ရေဆေးလိုက်ရင်ကောင်းမလား
ဦးခေါင်းထဲ တစ်စစပြည့်လာနေတဲ့ အမှိုက်များ
အဆုပ်ထဲ တစ်စစပြည့်လာနေတဲ့ အခိုးအငွေ့များ
နှလုံးသားထဲ တစ်စစပြည့်လာနေတဲ့ အလိုရမ္မက်များ
ကြားနေ၊ မြင်နေ၊ ထိတွေ့နေ့ရပါတယ်
တစ်ချိန်လုံးပြေးနေရတယ် တစ်ချိန်လုံးရပ်နေရတယ်
အလေးချိန်မပြည့်မီ တော့သလို တစ်စစစိတ်ပျက်ဆုတ်လျော့နေရပါတယ်
တစ္ဆေတစ်ကောင်ပမာ မကျွတ်မလွတ်နိုင်တဲ့ စွဲလမ်းမှုမျိုးနဲ့
အရင်တစ်ချိန်တုန်းက ဒီနေရာလေးမှာ ပျော်ရွှင်မှုအတိ ဖုံးလွှမ်းခဲ့ဘူးတာပေါ့။ ။
အောင်ပိုင်စိုး
၂၁-၇-၀၉
အင်္ဂါ

Subscribe to:
Posts (Atom)